အဆီပိုများစုပ်ထုတ်ခြင်း
Liposuction ဆိုတာဘာလဲ
Liposuction ဆိုတာ ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိတော့ပဲ ပိုမိုအချိုးအစား ပြေပြစ်လှပစေဖို့အတွက် နေရာအလိုက်အဆီပိုတွေ စုပ်ထုတ်ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်။ အဆီပိုတွေကိုဖယ်ရှားဖို့အတွက် လုံးဝမဖြစ်နိုင်တော့ဘူးလို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲထင်နေတဲ့သူတွေအတွက် Liposuctionက သင်တို့ရဲ့အတွေးအမြင်တွေကို ပြောင်းလဲပေးပါလိမ့်မယ်။ အဆီပိုတွေစုပ်ထုတ်လိုက်ခြင်းအားဖြင့် မိမိတို့မလိုချင်တဲ့ ခန္ဓာကိုယ်ရဲ့နေရာအလိုက် စုပုံနေတဲ့အဆီပိုတွေ မရှိတော့ပဲ ပိန်ပိန်ပါးပါးလေးနဲ့ အဆီပိုကင်းစင်တဲ့ ကိုယ်လုံးလေးရစေဖို့ ရန်ဟီးဆေးရုံက သင့်ကို တာဝန်ယူဖြေရှင်းပေးပါလိမ့်မယ်။
အချိန်အနည်းငယ်အတွင်းမှာ သင့်ရဲ့ကိုယ်ပေါ်က မြင်လို့မကောင်းလောက်အောင် စုပုံနေတဲ့ မလိုလားအပ်တဲ့အဆီတွေ လုံးဝကင်းစင်သွားမှာ ဖြစ်ပါတယ်။
အရေပြားအောက်မှာ စုပုံနေတဲ့အဆီပိုတွေကို စုပ်ထုတ်ရာမှာ အဆီပိုတွေစုပ်ထုတ်ရန် အခေါင်းပေါက်ပါသော အပ်ကလေး သို့မဟုတ် အာထရာစောင်းကိုအသုံးပြုပီး အဆီပိုတွေချေဖျက်ပေးမယ့် ကိရိယာလေးဖြင့် အဆီများပျော်သွားအောင် ချေဖျက်ပီးနောက် အဆီပိုများကို စုပ်ထုတ်ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
အဆီပိုများကို စုပ်ထုတ်ဖယ်ရှားပေးခြင်းဟာ ကိုယ်အလေးချိန်ကျအောင် ပြုလုပ်ပေးခြင်း လုံးဝမဟုတ်ပါဘူး။ ပန်းပုဆရာတစ်ယောက်ဟာ သူထုဆစ်နေတဲ့အရုပ်လေး လက်ရာမြောက်ပီး အလှဆုံးဖြစ်နေဖို့ မလိုတဲ့နေရာကို ထုဆစ်ဖယ်ရှားပစ်သလိုပါပဲ။ Liposuction ဟာလည်း မိမိတို့အတွက် အဆင်မပြေဖြစ်နေတဲ့ နေရာတွေကအဆီပိုတွေကို စုပ်ထုတ်ဖယ်ရှားပေးခြင်းသာ ဖြစ်ပါတယ်။
အဆီပိုများကို စုပ်ထုတ်ဖယ်ရှားရာမှာ ဝမ်းဗိုက်၊ ကျော၊ ပေါင်စတဲ့မတူညီတဲ့ နေရာတွေအသီးသီးမှာရှိနေတဲ့ အဆီပိုတွေအားလုံးကို တချိန်တည်းမှာ စုပ်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အချို့သောအမျိုးသားတွေမှာ အဝလွန်ပီး ရင်ဘက်မှာအဆီပိုတွေ စုပုံနေတာများတဲ့အခါ အမျိုးသမီးတစ်ဦးရဲ့ ရင်သားလိုဖြစ်နေတတ်ပါမယ်။ အဲ့ဒီအခါ ပိုနေတဲ့အဆီပိုတွေကို Liposuction နည်းလမ်းဖြင့် စုပ်ထုတ်ဖယ်ရှားလို့ရသလို အချို့တွေမှာ အဆီကျိတ်ကြီးတွေလို ဖြစ်နေရင်လည်း အဲ့ဒီအဆီပိုတွေကို စုပ်ထုတ်ဖယ်ရှားပေးလို့ ရပါတယ်။
သင်ဟာ အဆီပိုတွေကိုစုပ်ထုတ်ဖယ်ရှားပေးဖို့ အသင့်တော်ဆုံးလူတစ်ယောက်ဖြစ်နေပီလား
အချို့လူတွေမှာ အထူးသဖြင့် ဝမ်းဗိုက်လိုနေရာများမှာ အဆီပိုတွေစုပုံနေလို့ အဲ့ဒီပိုနေတဲ့ အဆီတွေကို အစားအစာရှောင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပေမယ့် အဆီပိုတွေလျော့သွားဖို့ အရမ်းခက်ခဲနေတာမျိုး ရှိတတ်ပါတယ်။
ဒါဘာကြောင့်လဲဆိုရင်တော့ နေရာအလိုက် စုပုံနေတဲ့အဆီပိုတွေဟာ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အစားအသောက်ရှောင်ခြင်းစတဲ့ နည်းလမ်းတွေပြုလုပ်ပေမယ့် လွယ်လွယ်ကူကူ ပျော်ဝင်သွားဖို့ ခက်ခဲနေတဲ့အတွက်ပါပဲ။
အဲ့ဒီလိုနည်းမျိုးစုံနဲ့ အဆီပိုတွေလျော့နည်းသွားအောင် ကြိုးစားပေမယ့် အဆီပိုတွေလျော့ဖို့ အရမ်းခက်ခဲနေမယ်ဆိုရင်တော့ Liposuction က သင့်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။
အဆီတွေကို စုပ်ထုပ်ဖယ်ရှားခြင်း မပြုလုပ်ခင်မှာ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ
ပထမဦးဆုံးအနေနဲ့ မိမိကိုယ်တိုင် ဆရာဝန်နဲ့လာမပြနိုင်သေးခင် ဆရာဝန်ဆီကို မိမိအနေအထားအရ အဆီစုပ်ထုတ်ဖို့ အဆင်ပြေနိုင် မပြေနိုင်စတဲ့ မိမိသိလိုသမျှမေးခွန်းတွေကို မိမိရဲ့ဓာတ်ပုံနှင့်တကွ ဆေးရုံကိုတိုက်ရိုက်အီးမေးလ်ပို့ပီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဆေးလိပ်သောက်တဲ့သူတွေဆိုရင် အနည်းဆုံး ၂ပတ်လောက် ကြိုပီးဆေးလိပ်ဖြတ်ထားရမယ်။ ဆေးရုံကိုလာတဲ့အခါ ဘာတွေယူလာရမယ်၊ မိမိသောက်နေတဲ့ ဆေးဝါးတွေရှိရင်လည်း ဘယ်ဆေးတွေက ဆက်သောက်ရမယ်၊ ဘယ်ဆေးတွေကိုတော့ ကြိုပီးဖြတ်ထားပေးရမယ်၊ ခွဲစိတ်မှုပြုလုပ်မယ့်နေ့မှာ အစားအသောက်တွေကို ဘယ်အချိန်မှာ ဖြတ်ထားရမလဲစတဲ့ ဆရာဝန်ရဲ့ ကြိုတင်ညွှန်ကြားချက် အားလုံးကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။
ခွဲစိတ်ပီးနောက် ပုံမှန်အနေအထားကို မြန်မြန်ရောက်ရှိဖို့က မခွဲစိတ်ခင်မှာ ဆရာဝန်ညွှန်ကြားတဲ့ အချက်အလက်တွေကို လိုက်ပါဆောင်ရွက်နိုင်ခြင်းက အဓိကကျတဲ့အချက်ပါပဲ။ ဒါကြောင့် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဆရာဝန်ရဲ့ညွန်ကြားချက်တွေကို လိုက်ပါဆောင်ရွက်ပေးဖို့က သင့်အတွက် အရေးကြီးတဲ့အရာတစ်ခုပါ။
ခွဲစိတ်မှုပြုလုပ်ပီးနောက် ရရှိလာတဲ့ရလဒ်ကို လူနာအများစု ကျေနပ်ရောင့်ရဲမှုရှိသော်လည်း ခွဲစိတ်မှုကြောင့်ဖြစ်လာနိုင်တဲ့ ဘေးအနရာယ်များဖြစ်နိုင်ခြင်းကိုတော့ မေ့ထားလို့မရပါ။ သို့ဖြစ်ပါသောကြောင့် အဆီစုပ်ထုတ်ခြင်းကို ပြုလုပ်လို့ရနိုင် မရနိုင်၊ သတ်မှတ်ထားသော ကျန်းမာရေးအခြေအနေများနှင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲဆိုးကျိုးများအားလုံးကို မခွဲစိတ်ခင်ကတည်းက ကောင်းစွာသိရှိသဘောပေါက်ရန် အလွန်ပင်အရေးပါလှပါသည်။
ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက်မချမှီ ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ၊ ခွဲစိတ်မှုအကျိုးရလဒ်များကို သေသေချာချာသိထားရပါမည်။
မိတ်ဆွေအပေါင်းအသင်းများနှင့် ခွဲစိတ်ဆရာဝန်၏ အကြံပြုတိုက်တွန်းမှုအပေါ်မူတည်ပီး ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက်မချစေချင်ပါ။ မိမိကိုယ်တိုင် ခွဲစိတ်မှုအကြောင်း၊ ခွဲစိတ်မှုပြုလုပ်ပီးဖြစ်ပေါ်တတ်သော နောက်ဆက်တွဲပြသနာများအကြောင်းကို ကောင်းစွာသဘောပေါက်နားလည်ပီးမှ ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက်ချသင့်ပါသည်။
အဆီပိုများကို ခွဲစိတ်ဖယ်ရှားခြင်းသည် ရောဂါကုသရန်အတွက်မဟုတ်ပဲ မိမိ၏အလှအပအတွက် ပြုလုပ်ခြင်းဖြစ်ပါသောကြောင့် ခွဲစိတ်မှု၏ဘေးအန္တရာယ်များနှင့် နောက်ဆက်တွဲပြသနာများကိုသိရှိပီး မခွဲစိတ်မှီ သေသေချာချာ စဉ်းစားဆုံးဖြတ်သင့်သည်။
ခွဲစိတ်ပီးနောက်ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများမှာ အခြားလူများတွင်သာဖြစ်နိုင်ပီး မိမိတွင်မဖြစ်နိုင်ပါဟူသော အတွေးကိုမတွေးမိစေပဲ မည်သူမဆိုဖြစ်နိုင်ပါသည်ဟု စိတ်ထဲတွင်မှတ်ထားပီး အဆီစုတ်ထုပ်ခြင်းသည် မိမိအတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်မလားဆိုတာကို ခွဲစိတ်မှုမပြုလုပ်မှီ သေသေချာချာချင့်ချိန် ဆုံးဖြတ်ရပါမည်။ ထို့ကြောင့် အဆီိများကိုစုပ်ထုတ် ဖယ်ရှားခြင်းမပြုလုပ်မှီ ခွဲစိတ်မှု၏ဘေးအန္တရာယ်များနှင့် ခွဲစိတ်မှုပြုလုပ်ပီးနောက်ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများအားလုံးကို ကောင်းစွာသဘောပေါက်နားလည်ပီး ဖြစ်ပေါ်လာသောအခြေအနေများအားလုံးကို လက်ခံနိုင်ရန်ကြိုတင်ပြင်ဆင်ပီးမှသာ ခွဲစိတ်မှုကိုပြုလုပ်ရန် ဆုံးဖြတ်ချက်ချခြင်းသည် အလွန်ပင်အရေးကြီးလှပါသည်။
ခွဲစိတ်မှုပြုလုပ်ပီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲပြသနာများ
မည်သည့်ခွဲစိတ်မှုမျိုးမဆို ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာပိုးဝင်ခြင်းဖြစ်တတ်ပါသည်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆရာဝန်အများစုမှာ အနာပိုးဝင်ခြင်း မဖြစ်နိုင်စေရန် ပိုးသတ်ဆေးများပေးထားမည်ဖြစ်ပီး အချို့ဆရာဝန်များမှာ ပိုးသတ်ဆေးများပေးလေ့မရှိပါ။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကို အမြဲသန့်ရှင်းအောင်ဂရုစိုက်နေရင်တောင်မှ အဆင်မသင့်ပါက ရောဂါပိုးဝင်ရောက်နိုင်ပါသေးသည်။
အဆီများကို စုပ်ထုတ်ပီးနောက် အကြောင်းတစ်ခုခုကြောင့် သွေးကြောပေါက်သွားပီး စုပ်ထုတ်လိုက်သောအဆီများ သွေးကြောထဲသို့ရောက်သွားပါက သွေးကြောပိတ်ဆို့ခြင်းများ ဖြစ်သွားတတ်ပါသည်။ သွေးကြောထဲတွင် အဆီအနည်းငယ်သွားပီး စုပုံနေခြင်း၊ အဆုတ်ထဲတွင် စုပုံနေခြင်း သို့မဟုတ် ဦးနှောက်သွေးကြောများထဲတွင် အဆီများစုပုံနေပီးသွေးကြောပိတ်ဆို့ခြင်း ဖြစ်တတ်သည်။
အသက်ရှုရခက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ မောပန်းခြင်းများသည် အဆုတ်ထဲတွင် အဆီခဲများ သွားရောက်ပိတ်ဆို့နေသောအခါ ဖြစ်တတ်သော လက္ခဏာများဖြစ်သည်။ ခွဲစိတ်မှု ပြုလုပ်ပီးနောက် ထိုကဲ့သို့သောပြသနာများ ဖြစ်ပေါ်လာခဲ့ပါက အရေးပေါ်ပြုစုစောင့်ရှောက်မှုများခံယူရန် အလွန်ပင်အရေးကြီးသည်။ ထိုကဲ့သို့ အဆုတ်ထဲတွင်အဆီခဲများ ပိတ်ဆို့နေမှုကြောင့် နာတာရှည် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်သကဲ့သို အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ဆိုးရွားသောအခြေအနေ အလွန်နည်းပါးလှပါသည်။
အဆီစုပ်ထုပ်ရာတွင်အသုံးပြုသော အပ်ကလေး ဘယ်နေရာထိရောက်နေသည်ကို ကောင်းစွာမမြင်နိုင်သောကြောင့် အဆီစုပ်ထုတ်ခြင်းပြုလုပ်နေစဉ် အတွင်းကလီစာများကို သွားရောက်ထိခိုက်တတ်ခြင်း ဖြစ်တတ်ပါသေးသည်။
ဥပမာအားဖြင့် အဆီစုပ်ထုတ်နေစဉ် အတွင်းကလီစာများကို ထိခိုက်ခြင်းဖြစ်ခဲ့ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ အဆင်မသင့်ပါက အတွင်းကလီစာများကို ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးရတတ်ပါသည်။
အဆီများကိုစုပ်ထုပ်လိုက်သော နေရာတစ်ဝိုက်တွင် သွေးရည်ကြည်များစုပုံနေခြင်းလည်း ဖြစ်တတ်ပါသည်။
အဆီများစုပ်ထုတ်ထားသော နေရာတစ်ဝိုက်တွင် အဆီစုပ်ထုတ်ပီးနောက် ထိလို့ထိမှန်းမသိခြင်း၊ အာရုံခံစားမှုလျော့နည်းသွားခြင်းစသော အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများလည်း ဖြစ်တတ်သေးသည်။
အကယ်၍ ခွဲစိတ်ထားသောနေရာတစ်ဝိုက်တွင် အာရုံခံစားမှုလျော့နည်းသွားခြင်း ရက်သတ္တပတ်ကြာကြာ သို့မဟုတ် လပေါင်းများစွာထိဖြစ်နေပါက ခွဲစိတ်ဆရာဝန်ကို ပြန်လည်အကြောင်းကြားရပါမည်။ လုံးဝပုံမှန်အနေအထား ပြန်မဖြစ်သောသူများ အလွန်နည်းပါးလှသည်။
ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာရောင်ရမ်းနေခြင်းများ ဖြစ်နိုင်ပီး ရက်သတ္တပတ် အနည်းငယ်ကြာပီးနောက် တဖြည်းဖြည်းအရောင်လျော့သွားပါမည်။
အဆီများကိုစုပ်ထုတ်လိုက်သော အပေါ်ယံအရေပြားလွှာတွင် အဆီထုတ်ပီးနောက် အရေပြားဆဲလ်အချို့ ပျက်စီးသွားတတ်ပီး ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်တတ်သည်။ သေသွားသောအရေပြားများမှာ အရောင်ပြောင်းသွားတတ်ပီး တဖြည်းဖြည်း ကွာထွက်သွားမည်။
အာထရာစောင်းကိုအသုံးပြုပီး အဆီများပျော်ဝင်အောင်ပြုလုပ်ပီး စုပ်ထုတ်ရာတွင် အဆီပျော်အောင်ချေရာတွင် အသုံးပြုသောကိရိယာလေး အပူလွန်ပီး အဆင်မသင့်ပါက အရေပြားအပူလောင်ခြင်း ဖြစ်တတ်ပါသည်။
အဆီများကိုစုပ်ထုတ်ပီးနောက် ထုတ်လိုက်သောအဆီများထဲတွင် အရည်ကြည်များစွာ ရောနှောပါဝင်နေတတ်ပါသည်။ အဆီများကိုစုပ်ထုတ်ရာတွင် ခွဲစိတ်ဆရာဝန်မှလည်း အဆီများစုပ်ထုတ်ရလွယ်ကူရန် အရည်ကြည်များ ထိုးသွင်းပေးပီးမှ အဆီပိုများကို စုပ်ထုတ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ခန္ဓာကိုယ်ထဲမှအရည်များ အပြင်ကို ပုံမှန်ထက်ပိုမိုရောက်ရှိသွားခြင်းကြောင့် ခန္ဓာကိုယ်မှာအရည်ဓာတ် မမျှတခြင်းများ ဖြစ်တတ်ပါသေးသည်။
ခွဲစိတ်မှုပြုလုပ်ပီး ဆေးရုံတက်နေစဉ်တစ်လျှောက်လုံး သူနာပြုဆရာမများမှ သင့်အခြေအနေကို တောက်လျှောက်စောင့်ကြည့်နေမှာဖြစ်ပီး သင့်ခန္ဓာကိုယ်မှ အရည်ဓာတ်ဆုံးရှုံးမှုများသောကြောင့် အရည်ဓာတ်မမျှတခြင်း ရှိ မရှိကိုလည်း စောင့်ကြည့်နေမှာ ဖြစ်ပါသည်။ ဆေးရုံဆင်းပီး မိမိအိမ်သို့ ပြန်ရောက်သောအချိန်တွင် အရည်ဓာတ်မမျှတခြင်း ဖြစ်ပေါ်တတ်ပီး၊ ထိုကဲ့သို့ဖြစ်ပေါ်ပါက ရင်ပူရင်လောင်ဖြစ်ခြင်း၊ အဆုတ်ထဲတွင်ရေများစုလာခြင်း၊ အရည်ဓာတ်မမျှတမှုကြောင့် ကျောက်ကပ်ပြသနာများ ဖြစ်တတ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
အဆီများကို စုပ်ထုပ်ရာတွင် Lidocane ကဲ့သို့သောထုံဆေးနှင့် အရည်ကြည်အချို့ကိုပါ အဆီစုပ်ထုတ်မည့်နေရာသို့ ထိုးသွင်းပေးပီးမှ အဆီစုပ်ထုတ်ပေးခြင်းဖြစ်သည်။ အကယ်၍ Lidocane ပမာဏ ပုံမှန်ထက်ပို၍များသွားပါက မူဝေးခြင်း၊ စကားဝါးသွားခြင်း၊ နားအူခြင်း၊ လျှာနှင့်နှုတ်ခမ်းများထုံလာခြင်း၊ တက်ခြင်း စသည်တို့ ဖြစ်တတ်ပါသည်။
Liposuction ဘယ်လိုလုပ်မလဲ
Lidocane နှင့် သွေးထွက်နည်းစေရန် Epinephrine တို့ကိုရောစပ်ထားသော ဆေးရည်များကို အဆီထုတ်မည့်နေရာတွင်းသို့ ထိုးသွင်းပေးပါမည်။
အချင်း ၂ မီလီမီတာမှ ၅ မီလီမီတာအကျယ်ရှိသော အဆီစုပ်ထုတ်ရန်အသုံးပြုမည့် အထူးအပ်ကလေးတစ်ချောင်းကို အဆီထုတ်မည့်နေရာကို ခွဲစိတ်ဒဏ်ရာ သေသေးကလေးပေးပီး အဆီများကိုစုပ်ထုတ်ပစ်ပါမည်။
အဆီများကိုစုပ်ထုတ်ပီးနောက် ခွဲစိတ်ထားသော ဒဏ်ရာသေးသေးကလေးကို ပြန်ချုပ်ပေးမည်။
အဆီများကိုစုပ်ထုတ်ရာတွင် တစ်နေရာအတွက် အချိန်တစ်နာရီမျှကြာမြင့်မည်ဖြစ်ပီး မေ့ဆေးကိုအသုံးပြုပီး ခွဲစိတ်မှုကိုပြုလုပ်ပေးမည်။
Liposuction လုပ်ပီးရင် ဘယ်လိုဂရုစိုက်ရမလဲ
အဆီများကိုစုပ်ထုတ်ပီးနောက်နေ့တွင် အနည်းငယ်အားစိုက်ပီးပြုလုပ်ရသော အလုပ်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ခွဲစိတ်မှုပြုလုပ်ပီး တစ်လကြာမှသာ အားစိုက်လုပ်ရသော အလုပ်များကို ပြုလုပ်နိုင်မည်။
အဆီများကို စုပ်ထုတ်ထားသောနေရာကို ခွဲစိတ်မှုပြုလုပ်ပီး ၆ရက်မှ ၂ပတ်ထိ ပတ်တီးဖြင့် အမြဲစည်းပတ်ပေးထားရမည်။
အဆီများစုပ်ထုတ်ထားသောနေရာကို ရေခဲအိပ်ကပ်ခြင်း ရေနွေးအိပ်ကပ်ခြင်းများ မပြုလုပ်ရပါ။
ခွဲစိတ်မှုပြုလုပ်ပီး တစ်ပတ်အတွင်း ရေချိုးကန်ထဲတွင် ရေစိမ်ချိုးခြင်း၊ Jacuzzi သို့မဟုတ် ရေကူးကန်ထဲ ရေဆင်းကူးခြင်းများ ရှောင်ကြဉ်ရပါမည်။
ခွဲစိတ်ထားသောဒဏ်ရာကို သန့်ရှင်းအောင် အမြဲဂရုစိုက်ရမည်။
ခွဲစိတ်မှုပြုလုပ်ပီး နှစ်ရက်မြောက်နေ့တွင် ရေပန်းဖြင့် ရေချိုးနိုင်မည်။
ခွဲစိတ်ပီးနောက် ဆရာဝန်ပြန်ချိန်းသောနေ့တွင် အနာချုပ်ရိုးဖြည်ရန် ဆေးရုံသို့ပြန်လာပြရပါမည်။
အဆီများစုပ်ထုတ်ပြီးနောက် လအနည်းငယ်ကြာသောအခါ ရောင်ရမ်းမှု တဖြည်းဖြည်း လျော့ကျသွားပီး ပုံမှန်အနေအထားသို့ ပြန်ရောက်ရှိသွားပါမည်။ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသောအခါ အဆီပိုများမရှိတော့ပဲ မိမိကိုယ်ကိုမိမိ ပိုမိုယုံကြည်မှု ရရှိသွားမည်ဖြစ်သည်။
အဆီထုတ်ပီး ရရှိလာမည့်အနေအထားကို ကြာရှည်ခံအောင် မိမိကိုယ်တိုင် ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်ရမည့်အပြင် ကိုယ်အလေးချိန်ပိုပီး တက်မလာအောင်ဂရုစိုက်ရန် အလွန်ပင်အရေးကြီးလှပါသည်။
အကယ်၍ ကိုယ်အလေးချိန်မထိန်းနိုင်ပဲ ပြန်ပီးဝလာပါ အဆီပိုများပြန်လည် စုလာနိုင်ပါမည်။ ထို့ကြောင့် အဆီပိုများကို စုပ်ထုတ်ပီးနောက် အဆီပိုများပြန်လည် စုပုံမလာနိုင်စေရန် မိမိကိုယ်တိုင် ကျန်းကျန်းမာမာ ဖြစ်နေအောင်ဂရုစိုက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းများကို ပြုလုပ်ရန် အလွန်ပင်အရေးကြီးပါသည်။
အဆီပိုများကို စုပ်ထုတ်ခြင်းမပြုလုပ်မှီ မိမိသိလိုသော အကြောင်းအရာများနှင့် မိမိအနေအထားအရ မည်သည့်နေရာကို စုပ်ထုတ်ရမည်၊ ဘယ်လောက်ကုန်ကျမည်၊ မိမိအနေအထားအရ အဆီစုပ်ထုတ်ရင် သင့် မသင့် စသည်တို့ကို ကြိုတင်သိရှိလိုပါက ဆေးရုံသို့ တိုက်ရိုက်အီးမေးလ်ပို့ပီး စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်နိုင်ပါသည်။
ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်များ
ခွဲစိတ်မှုအမည် ကုန်ကျစရိတ်
သမရိုးကျအဆီထုတ်ခြင်း(Traditional Liposuction) ဘတ် ၅၀၀၀၀ (တစ်နေရာအတွက် ဆေးရုံ ၁ညအိပ်အပါအဝင်)
အာထရာစောင်းဖြင့်အဆီချေပီးထုတ်ခြင်း(VASER Liposuction) ဘတ် ၆၆၀၀၀ မှ ဘတ် ၇၄၀၀၀ ( တစ်နေရာအတွက် ဆေးရုံ ၁ညအိပ်အပါအဝင် )
အမေးများသော မေးခွန်းများနှင့် အဖြေများ
မေးခွန်း ၁ ခွဲစိတ်မှုပြုလုပ်နေစဉ် သတိရနေမလား
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကိုအသုံးပြုမည်ဖြစ်သဖြင့် လုံးဝ အိပ်ပျော်နေပါမည်။
မေးခွန် ၂ အဆီထုတ်ပီးနောက် ဝမ်းဗိုက်အရေပြား ပြားချပ်သွားနိုင်မလား
အဖြေ ၂ အဆီစုပ်ထုပ်ရာတွက် အပေါ်ယံအရေပြားလွှာရှိ အဆီပိုများကိုသာ စုပ်ထုတ်ပေးခြင်းဖြစ်ပီး ဝမ်းဗိုက်အတွင်းဘက်ရှိ ကလီစာများနှင့်ကပ်လျက်ရှိသော အဆီများကို စုပ်ထုတ်ပေးခြင်းမဟုတ်ပါ။ ထို့ကြောင့် သင် ဝလွန်းပါက အဆီပိုများကိုစုပ်ထုပ်ပီးနောက် သင့်ဝမ်းဗိုက်အတွင်းဘက်ရှိ အဆီပိုအနည်းအများကိုမူတည်ပီး လုံးဝပြားချပ်သွားခြင်းမရှိနိုင်ပါ။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘန်ကောက်တွင် ဘယ်လောက်ကြာအောင် နေရမလဲ
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီး ၇ ရက်မှ ၁၀ရက်ကြာသောအခါ ဆေးရုံသို့ပြန်လာပြရပါမည်ဖြစ်သဖြင့် ဘန်ကောက်တွင် အနည်းဆုံး တစ်ပတ်နေရပါမည်။
မေးခွန်း ၄ အဆီထုတ်ပီးနောက် ရရှိလာမည့်အနေအထားသည် တစ်သက်လုံးကြာရှည်ခံနိုင်မလား
အဖြေ ၄ အဆီထုတ်ပီးနောက် ကိုယ်အလေးချိန်မတက်လာအောင် အစားအသောက်ထိန်းခြင်းနှင့် လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် အဆီပိုများပြန်မစုလာအောင် ထိန်းပေးနိုင်ပါသည်။ အဆီပိုများ စုပ်ထုပ်ပီးနောက် ကိုယ်ဝန်အောင်ခြင်းနှင့် ကိုယ်အလေးချိန် ပုံမှန်မထိန်းနိုင်ပါက အဆီစုပ်ထုတ်ပီး ရလဒ်ကို ကြာရှည်ခံအောင် မထိန်းပေးနိုင်ပါ။
မေးခွန်း ၅ အဆီထုတ်ပီးနောက် အမာရွတ်ဘယ်လိုကျန်နေမလဲ
အဖြေ ၅ အဆီများကိုစုပ်ထုတ်ရန် အရေပြားပေါ်တွင် အပေါက်သေးသေးကလေးသာ ဖောက်ရန်လိုအပ်သောကြောင့် အဆီထုတ်ပီးနောက် အမာရွတ်သေးသေးကလေးသာ ရှိနေပါမည်။
မေးခွန်း ၆ အဆီများကို စုပ်ထုတ်ပီးနောက် Cellulite များ ပျောက်ကင်းသွားမလား
အဖြေ ၆ အဆီများကို စုပ်ထုပ်ခြင်းအားဖြင့် Cellulite များ လုံးဝပျောက်သွားပီး အရေပြားမျက်နှာပြင် လုံးဝညီညာချောမွေ့မသွားနိုင်ပါ။
မေးခွန်း ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက် ပုံမှန်ပြန်ရောက်ချိန် ဘယ်လောက်ကြာမလဲ
အဖြေ ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာ အညိုမည်းစွဲခြင်းဖြစ်တတ်ပီး ၂ပတ်လောက်ကြာသောအခါ တဖြည်းဖြည်းပျောက်သွားပါမည်။ ခွဲစိတ်ပီးနောက်ဖြစ်ပေါ်နိုင်သော နာကျင်မှုသည် ခွဲစိတ်မှုပြုလုပ်သည့် နေရာအရေအတွက်ပေါ်တွင် များစွာမူတည်သည်။ ခွဲစိတ်မှုပြုလုပ်ပီး တစ်လအတွင်း အားစိုက်လုပ်ရသော အလုပ်များကိုပြုလုပ်ခြင်းစသော အလုပ်များကိုရှောင်ရမည်။ လုံးဝအနာကျက်သွားပီး ပုံမှန်ဖြစ်သွားမည့် အနေအထားသို့ရောက်ရန် အချိန် ၆လမှ ၁နှစ်ထိ စောင့်ရပေမည်။
မေးခွန် ၈ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုနောက်ဆက်တွဲပြသနာတွေ ရှိနိုင်မလဲ
အဖြေ ၈ ခွဲစိတ်မှုပြုလုပ်ပီးနောက် အနာသွေးထွက်ခြင်း၊ မေ့ဆေးများ၏ဘေးထွက်ဆိုးကျိုးများ၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အဆီလွှာများသေခြင်၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ အရေပြားမျက်နှာပြင်ပုံမှန်မညီခြင်း၊ အရေပြားတွဲကျခြင်း၊ ခွဲစိတ်ဒဏ်ရာ အမာရွတ်အသီးထခြင်းနှင့် လိုအပ်ပါကပြန်လည်ခွဲစိတ်မှု ပြုလုပ်ရတတ်ခြင်းစသည်တို့ ဖြစ်တတ်ပါသည်။
မေးခွန်း ၉ ခွဲစိတ်မှုပြုလုပ်ရန် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမလဲ
အဖြေ ၉ ခွဲစိတ်ပီးဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ အဖြစ်နည်းစေရန် ခွဲစိတ်မှုမပြုလုပ်မှီ ၂ပတ်အတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ တိုင်းရင်းဆေးဝါးများသုံးစွဲခြင်းများကို ရှောင်ကြဉ်ရပါမည်။ ရောဂါတစ်ခုခုကြောင့် အခြားမဖြစ်မနေသောက်ရမည့် ဆေးဝါးများရှိပါက ဆရာဝန်ကိုပြသရန်လိုအပ်ပီး ဆရာဝန်ခွင့်ပြုသောဆေးများကိုသာ သောက်ရပါမည်။ အဆီမထုတ်မှီ အစားအသောက်ထိန်းခြင်းနှင့် ကြွက်သားများကိုသန်မာအောင် လေ့ကျင့်ခန်းပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပါက အဆီထုတ်ပီးနောက် ပိုမိုကောင်းမွန်သော အနေအထားကို ရရှိရန်များစွာ အထောက်ကူပြုပေမည်။