ဝမ်းဗိုက်အရေပြားနှင့်အဆီများဖြတ်ထုတ်ခြင်း
Tummy Tuck ဆိုတာ ဘာလဲ
Tummy Tuck ဆိုတာ ဝမ်းဗိုက်ရဲ့ အောက်ဘက်ပိုင်းမှာ အဆီတွေ စုပုံနေရုံတင်မဟုတ်ပဲ အရေပြားတွေပါ တွဲပီးကျနေတဲ့အတွက် ပိုနေတဲ့အဆီနဲ့ အရေပြားတွေကို ဖြတ်ထုတ်ဖယ်ရှားပေးပီးနောက် ဝမ်းဗိုက်အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို ဝမ်းဗိုက်အရေပြားမှာရှိတဲ့ ပိုနေတဲ့အဆီတွေနဲ့ အရေပြားတွေမရှိတော့ပဲ ဝမ်းဗိုက်အရေပြား တင်းတင်းရင်းရင်းဖြစ်သွားစေဖို့ ရန်ဟီးဆေးရုံကနေ အသက်သာဆုံး ကုန်ကျစရိတ်တွေနဲ့ အကောင်းဆုံးဖန်တီးပြုလုပ်ပေးနေပါပီ။
ဝမ်းဗိုက်အရေပြားများတွဲကျလာခြင်းဖြစ်စေသော အကြောင်းရင်းများ ဝမ်းဗိုက်တွင်အဆီများစုပုံလာပီး အရေပြားများကိုပါတွဲကျစေနိုင်သော အကြောင်းရင်းများစွာရှိသည်။ ၄င်းတို့မှာ
(၁) ကိုယ်ဝန်ဆောင်ခြင်း
(၂) အသက်အရွယ်ကြီးလာခြင်း
(၃) ကိုယ်အလေးချိန်သိသိသာသာကျသွားခြင်း
(၄) မျိုးရိုးလိုက်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။
ဝမ်းဗိုက်အရေပြားများဖြတ်ထုတ်ခြင်း ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက်မချမှီ ခွဲစိတ်မှုကြောင့်ရရှိလာမည့် အကျိုးရလဒ်များ၊ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြသနာများအားလုံးကို ရှင်းရှင်းလင်းလင်းသိအောင် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးရမည်။ ခွဲစိတ်မှုပြုလုပ်မည့်သူများအနေဖြင့် မိမိ၏လက်ရှိအနေအထားထက် ပို၍ကောင်းမွန်လာမည့် အနေထားတစ်ခုကို ရရှိလိုကြပီး အကောင်းဆုံး အနေထားတစ်ခုကို မရရှိခဲ့ရင်တောင် ခွဲစိတ်မှုပြုလုပ်ပီးနောက် ရရှိလာမည့်အနေအထားကိုလည်း လက်ခံနိုင်မည့်သူများ ဖြစ်ပါသည်။
အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေပီဆိုရင်တော့ ဝမ်းဗိုက်မှာရှိတဲ့အဆီပိုတွေနဲ့ တွဲကျနေတဲ့အရေပြားတွေကို ဖြတ်ထုတ်းခြင်းဟာ သင့်အတွက် အကောင်းဆုံး ရွေးချယ်ပြုလုပ်သင့်တဲ့ ခွဲစိတ်ပြုပြင်မှုတစ်ခုပါပဲ။ အဲ့ဒီအချက်တွေကတော့
၁။ သင်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်နေရမည့်အပြင် သင့်ရဲ့ဝမ်းဗိုက်အရေပြားတွေ လျော့လျဲတွဲကျနေပီး လေ့ကျင့်ခန်းတွေလုပ်မယ် အစားအသောက်တွေ ထိန်းမယ်ဆိုရင်တောင် ပြန်လည်တင်းတင်းရင်းရင်း ဖြစ်သွားဖို့ ခက်ခဲနေမယ်ဆိုရင်
၂။ သင့်ဝမ်းဗိုက်အရေပြားရဲ့ လျော့လျဲမှုက အရမ်းကြီးဆိုးဆိုးရွားရွားဖြစ်နေတဲ့ အခြေအနေတစ်ခု မဟုတ်ခဲ့ရင်
၃။ သင့်အနေအထားအရ ခွဲစိတ်မှုပြုလုပ်ခဲ့ရင် ရလာနိုင်မယ့်အခြေအနေကို လက်ခံနိုင်ခဲ့မယ်ဆိုရင်
၎။ သင်ဟာ ဆေးလိပ်သောက်တဲ့သူတစ်ယောက် မဟုတ်ရင်
၅။ ခွဲစိတ်ပီးနောက်ပိုင်း ခွဲစိတ်ဒဏ်ရာအနာတွေလည်း ကောင်းမွန်သွားပီး အားလုံးပုံမှန်ပြန်ဖြစ်သွားတဲ့အခါ လက်ရှိအနေထားထက် လုံးဝပိုပီးကြည့်ကောင်းသွားမယ့် အနေထားတစ်ခုရရှိချင်တယ်ဆိုရင်
ဒီဝမ်းဗိုက်အရေပြားတွေနဲ့ အဆီပိုတွေဖြတ်ထုတ် ဖယ်ရှားပေးခြင်းဟာ သင်ရွေးချယ်ပြုလုပ်သင့်တဲ့ ခွဲစိတ်ကုသမှုတစ်ခုပါပဲ။
ကိုယ်အလေးချိန်တွေ ထပ်ပီးသိသိသာသာလျော့ချဖို့အတွက် အစီအစဉ်ရှိတဲ့သူတွေကတော့ ကိုယ်အလေးချိန်ကို မိမိလိုချင်တဲ့ အနေအထားရောက်အောင် လျော့ချပီးမှသာ ဝမ်းဗိုက်အရေပြားတွေနဲ့ အဆီပိုတွေ ဖြတ်ထုတ်မယ်ရှားခြင်းကို ပြုလုပ်သင့်ပါတယ်။ ဝမ်းဗိုက်အဆီပိုတွေနဲ့ အရေပြားတွေဖြတ်ထုတ်ခြင်းဟာ အကြောပြတ်ခြင်းကြောင့် ဝမ်းဗိုက်အရေပြားမှာ ဖြစ်ပေါ်နေတဲ့ အဖြူရောင်အစင်းကြောင်းတွေကို လုံးဝမရှိတော့အောင် မပြုလုပ်နိုင်ပေမယ့် ခွဲစိတ်ပီးနောက်ပိုင်းမှာ အထူးသဖြင့် ချက်အောက်ဘက်ရှိ အရေပြားတွေ ဖယ်လိုက်တဲ့အတွက် အဲဒီနေရာတစ်ဝိုက်က အရေးအကြောင်းတွေတော့ လျော့နည်းသွားမှာဖြစ်ပါတယ်။
Tummy Tuck လုပ်ဖို့အတွက် ခွဲစိတ်ဆရာဝန်နဲ့တွေ့တဲ့အခါ ဘာတွေကြိုတင်မျှော်လင့်ထားရမလဲ
ခွဲစိတ်မှုပြုလုပ်ပီးတဲ့အခါ အောင်မြင်ပီး အကောင်းဆုံးအနေအထားကို ရရှိစေဖို့အတွက် ခွဲစိတ်ဆရာဝန်နဲ့ စတွေ့တဲ့အချိန်မှာ အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောပြပီး ဆွေးနွေးမှုပြုလုပ်ဖို့က အလွန်ပင်အရေးကြီးပါတယ်။
(၁) ခွဲစိတ်ဆရာဝန်မှ သင်ရဲ့ အနေအထားကိုကြည့်ပီးနောက် ခွဲစိတ်မှုပြုလုပ်ပီးနောက် ရရှိလာမယ့်သင့်အနေအထားကို ပြောပြမယ်။ အဲ့ဒီလိုအနေအထားနဲ့ ပက်သက်ပီး ရရှိလာမယ့်အခြေအနေကို ကိုယ်လိုချင်တဲ့ အနေအထားတစ်ခုဖြစ် မဖြစ်ကို ဆရာဝန်ကို ရိုးသားစွာပြောပြပီး သေသေချာချာဆွေးနွေးရမယ်။
(၂) သင့်ကိုခွဲစိတ်မှုပြုလုပ်ပေးမယ့် ဆရာဝန်ကလည်း သင့်ရဲအနေအထားအရ အကောင်းဆုံးသောအနေအထားကို ရရှိစေဖို့အတွက် ဘယ်ဟာကိုအပြုလုပ်သင့်ဆုံးလဲဆိုတာ အကြံပြုဆွေးနွေးမှာ ဖြစ်ပါတယ်။
(၃) သင့်ရဲ့ ခွဲစိတ်ဆရာဝန်ကနေ ခွဲစိတ်ပီးနောက်ပိုင်းမှာ သင်လိုချင်တဲ့အနေအထားက ဘယ်လိုလဲ သင့်မျှော်လင်ထားတဲ့အနေအထားက ဘယ်လိုလဲဆိုတာ သေချာမေးမှာဖြစ်ပါတယ်။
(၄) ဒါတွေအပြင် ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ ခွဲစိတ်ရာမှာ အသုံးပြုတဲ့မေ့ဆေးတွေရဲ့ ဆိုးကျိုးတွေကဘာတွေ ဖြစ်နိုင်မယ်ဆိုတာကအစ သေသေချာချာပြောပြပါလိမ့်မယ်
(၅) မခွဲစိတ်ခင်မှာ သင့်ရဲ့အနေအထားကို ဓတ်ပုံရိုက်မှတ်တမ်းတင်ခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။
(၆) သင့်ရဲ့ ကျန်းမာရေးအနေအထားအရ သင်ဟာ ခွဲစိတ်မှုပြုလုပ်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်မဖြစ်စတဲ့ အခြေအနေတွေကိုလည်း ကြိုတင်သုံးသပ်မှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။
(၇) သင့်အနေနဲ့လည်း ခွဲစိတ်မှုပြုလုပ်ရာမှာ ဘယ်လိုမေ့ဆေးထုံးဆေးတွေကို အသုံးပြုရင်ကောင်းမလဲ ဒါတွေအပြင် ခွဲစိတ်မှုနဲ့ ပက်သက်လို့ သင်သိချင်တဲ့အခြား အကြောင်းအရာတွေ အားလုံးကိုလည်း ဆရာဝန်နဲ့တွေ့တဲ့အခါမှာ သေသေချာချာ စုံစုံလင်လင် မေးမြန်းဖို့လည်း လိုအပ်ပါတယ်။
Tummy Tuck မပြုလုပ်ခင်မှာ ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ
ခွဲစိတ်မှုမပြုလုပ်ခင်မှာ သင်ကိုယ်တိုင် မလာရောက်နိုင်ရင်တောင် သင့်ရဲ့ကျန်းမာရေးအခြေအနေတွေ သင်သိချင်တဲ့ အကြောင်းအရာတွေအားလုံးကို သင့်ရဲ့ ဓာတ်ပုံတွေနဲ့တကွ ဆေးရုံကို တိုက်ရိုက်အီးမေးလ်ပို့ပေးပီး ကြိုတင်စုံစမ်း မေးမြန်းနိုင်ပါတယ်။ ဒီလိုကြိုတင်စုံစမ်းမေးမြန်းခြင်းအားဖြင့် သင်အမှန်တကယ် ဆေးရုံကိုလာပီး ခွဲစိတ်မှုမပြုလုပ်ခင်ကတည်းက ဆေးလိပ်ကြိုတင်ဖြတ်ခြင်း၊ သင်သောက်နေတဲ့ ဆေးဝါးတွေထဲက ဘယ်ဆေးတွေကို ကြိုဖြတ်ရမယ် ဘယ်ဆေးတွေကိုတော့ ဆက်သောက်ရမယ် နောက်ပီး ခွဲစိတ်မှုပြုလုပ်မယ့်နေ့မှာ သင် အစားအသောက်တွေကို ဘယ်အချိန်မှာ ဖြတ်ထားပေးရမယ် ဆေးရုံကို ဘာတွေယူဆောင်လာရမယ်ကအစ ခွဲစိတ်မှုနဲ့ပက်သက်ပီး ကြိုတင်ပြင်ဆင်ရမယ့်အရာတွေကို ကြိုတင်သိရှိထားမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုမပြုလုပ်ခင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှု ပြုလုပ်တဲ့အခါ မခွဲစိတ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာ ဆရာဝန်က ရှင်းပြပေးမှာဖြစ်ပီး အဲ့ဒီဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နိုင်ခြင်းကလည်း ခွဲစိတ်မှု ပီးမြောက်အောင်မြင်ဖို့အတွက် အလွန်ပင်အရေးပါလှပါတယ် ။
ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုရင်
၁။ သင်ဟာ ဆေးလိပ်သောက်တဲ့ သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်လောက်ကြိုပီး ဆေးလိပ်ကို လုံးဝဖြတ်ထားရပါမယ်။ ပြီးတော့ ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ် ကြာမှ ဆေးလိပ်ပြန်သောက်လို့ရပါမယ်။ ဘာလို့လဲဆိုရင် ဆေးလိပ်သောက်ခြင်းက ခွဲစိတ်ပြီးဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုပီးဖြစ်စေလို့ပါပဲ။ ခွဲစိတ်ပီးနောက် အနာကျက်တာကို နှေးစေမယ်။ အနာကျက်နှေးလို့ အမာရွတ်တွေ သိသိသာသာဖြစ်နိုင်မယ်။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်နေတုန်းပဲဆိုတာ ဆရာဝန်သိရင် သင့်ကို ခွဲစိတ်မှုလည်း ပြုလုပ်ပေးမှာမဟုတ်ပါဘူး ။
၂။ ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၁ပတ်အတွင်း အရက်၊ ဘီယာစတဲ့ အရက်ပါဝင်တဲ့ အရည်မှန်သမျှလုံးဝ မသောက်ရပါဘူး ။
၃။ ခွဲစိတ်ပြုလုပ်မှုမပြုလုပ်ခင် အနည်းဆုံး ၆နာရီအတွင်း မည်သည့်အစားအသောက်ကိုမျှ စားသောက်လို့ မရပါဘူး။
၎။ ဒါ့အပြင် သွေးကျဲစေမယ့် ဆေးဝါးတွေဖြစ်တဲ့ Aspirin , Wafarin စတဲ့ဆေးတွေ ၊ တိုင်းရင်းဆေးတွေ၊ အရောင်လျော့ဆေးတွေစတဲ့ ဆေးတွေအားလုံးကို ဖြတ်ထားရပါမယ်။ ဒီဆေးတွေဟာ သွေးထွက်ခြင်းကို ပိုမိုဖြစ်စေနိုင်လို့ပါဘဲ။ အထူးသိရှိလိုက်နာရမယ့် ဆရာဝန်ညွှန်ကြားချက်တွေကတော့ ခွဲစိတ်မယ့်နေ့မှာ ဘာတွေလုပ်ရမယ်ဆိုတာတွေ ခွဲစိတ်မှုပြုလုပ်တဲ့အခါ မေ့ဆေးကိုအသုံးပြုမယ်ဆိုတာနဲ့ ခွဲစိတ်မှုပြုလုပ်ပီး ဘယ်လောက်ကြာတဲ့အခါ ဆရာဝန်ကိုပြန်လာပြရမယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဆေးလိပ်သောက်တဲ့သူများအတွက် အထူးညွှန်ကြားချက်များကတော့
သင်ဟာဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်နေတဲ့သူတစ်ယောက်ဆိုရင် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဆေးလိပ်ကို ချက်ချင်းဖြတ်ထားဖို့ အကြံပြုမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ ဆေးလိပ်ငွေ့ထဲကနေ သွေးထဲကိုရောက်သွားတဲ့ နီကိုတင်းဓာတ်ဟာ ခွဲစိတ်မှုပြုလုပ်တဲ့အခါ အသုံးပြုတဲ့မေ့ဆေးရဲ့ အာနိသင်ကို အကျိုးသက်ရောက်မှုတွေရှိတဲ့အတွက် သင့်သွေးထဲမှာ နီကိုတင်းဓာတ် လုံးဝမရှိတော့တဲ့အချိန်ရောက်မှသာ ခွဲစိတ်မှုကိုပြုလုပ်ပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်။ သို့မှသာ ခွဲစိတ်ပီးနောက်ပိုင်းမှာ အနာကောင်းစွာကျက်နိုင်မှာ ဖြစ်ပါတယ်။ ဆေးလိပ်ဆိုတဲ့နေရာမှာ နီကိုတင်းဓာတ်ပါတဲ့ အငွေ့တွေ့၊ Vape ရှူတဲ့သူတွေအားလုံးလည်း အပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အသက်ရှုလမ်းကြောင်းကိုလည်း ထိခိုက်မှုတွေရှိတဲ့အတွက် မေ့ဆေးပေးပီးနောက် လူနာမေ့သွားတဲ့အခါမှာ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ခွဲစိတ်မှုပြုလုပ်ရာမှာ မလိုလားအပ်တဲ့ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာ အနာကျက်နှေးခြင်း၊ ခွဲစိတ်ဒဏ်ရာအသီးထခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
Tummy Tuck ပြုလုပ်ပီးနောက် ဖြစ်တတ်သော နောက်ဆက်တွဲပြသနာများ
ခွဲစိတ်မှုမပြုလုပ်ခင် ခွဲစိတ်ပီးနောက်ရရှိလာမယ့် အကျိုးကျေးဇူးများနဲ့ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွပြသနာတွေကို ကောင်းစွာသဘောပေါက်နားလည်ထားဖို့လိုပါတယ်။ ဒါ့အပြင် ခွဲစိတ်ပီးနောက်ပိုင်းမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာတွေဖြစ်လာခဲ့ရင်လည်း မိမိကိုယ်တိုင်လက်ခံနိုင်အောင် ကြိုတင်စဉ်စားထားဖို့လည်း လိုပါတယ်။ သင့်ကိုခွဲစိတ်မှုပြုလုပ်ပေးမယ့် ခွဲစိတ်ဆရာဝန်နဲ့ သူနာပြုဆရာမတွေကလည်း ခွဲစိတ်ပီးနောက်ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုကျိုးတွေကို သင်သဘောပေါက်နားလည်သည်ထိ ရှင်းပြပေးထားမှာဖြစ်ပီး၊ သင်ကိုယ်တိုင် ဖြစ်ပေါ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို သိရှိပီး ခွဲစိတ်မှုကိုပြုလုပ်ဖို့အတွက် လုံးဝသဘောတူလက်ခံပါတယ်ဆိုတဲ့အကြောင်း လက်မှတ်ရေးထားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
အဲ့ဒီဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ခွဲစိတ်ဒဏ်ရာ အမာရွတ်ဖြစ်ခြင်း၊ သွေးရည်ကြည်စုခြင်း၊ အနာပိုးဝင်ခြင်း၊ အရည်များစုပုံနေခြင်း၊ အနာကျက်နှေးခြင်း၊ အရေပြားများဆုံးရှုံးသွားခြင်း၊ သွေးခဲခြင်း၊ ခွဲစိတ်ဒဏ်ရာတစ်ဝိုက် အာရုံခံစားသိရှိမှု လျော့နည်းသွားခြင်း၊ မေ့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများရှိခြင်း၊ အရေပြားအရောင်ပြောင်းလဲခြင်း သို့မဟုတ် ကြာရှည်စွာရောင်ရမ်းခြင်း၊ အရေပြားအောက်အလွှာများရှိ အဆီတစ်သျူးများ သေသွားခြင်း၊ ခွဲစိတ်ဒဏ်ရာ ပွင့်သွားခြင်း၊ တစ်ဖက်နှင့်တစ်ဖက် မတူညီတတ်ခြင်း၊ အရေပြားထပ်မံလျော့လျဲလာခြင်း၊ နာကြင်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းကြောင့် နှလုံးနှင့် အဆုတ်များနောက်ဆက်တွဲပြသနာရှိတတ်ခြင်း၊ ခြေထောက်များတွင် အမြဲတမ်းရောင်ရမ်းနေတတ်ခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရပျက်ဆီးခြင်း၊ လိုအပ်ပါက ထပ်မံခွဲစိတ်မှုပြုလုပ်ရတတ်ခြင်း၊ မိမိလိုချင်သည့် အနေအထားတစ်ခုကိုမရရှိခြင်း စသည်တို့ပဲဖြစ်ပါတယ်။
Tummy Tuck ဘယ်လိုလုပ်မလဲ
ခွဲစိတ်ဆရာဝန်မှ တင်ပါးရိုးထိပ် နှစ်ခုကြား ဘီကီနီလိုင်းတစ်လျောက် အလျားလိုက် ကန့်လန့်ဖြတ် ခွဲစိတ်ဒဏ်ရာလေးပေးပီး ခွဲစိတ်ပေးမည်။ အရေပြားနဲ့ဝမ်းဗိုက်နံရံရှိ အဆီအလွှာပြင်ကို လွှာပစ်လိုက်ပီး ပိုနေသော အရေပြားနှင့်အဆီများကို ဖြတ်ထုတ်ဖယ်ရှားပစ်လိုက်ပါမည်။ ကြွက်သားများကို တင်းတင်းရင်းရင်းဖြစ်အောင် ဆွဲပီးပြန်ချုပ်ပေးပါမည်။ ခွဲစိတ်ဒဏ်ရာကို သေသေချာချာ ပြန်ချုပ်ပေးပီးနောက် ခွဲစိတ်ထားသောနေရာဝန်းကျင်မှ သားငန်ရည်များစိမ့်ထွက်သွားစေရန် ပိုက်သေးသေးကလေးတစ်ခုကို ယာယီထည့်ပေးထားမည်ဖြစ်ပါသည်။ ခွဲစိတ်မှုပြုလုပ်ချိန် ၂နာရီမှ ၃နာရီထိကြာတတ်ပီး၊ ခွဲစိတ်မှုပြုလုပ်ရာတွင် မေ့ဆေးကို အသုံးပြုပါမည်။ ခွဲစိတ်မှုပြုလုပ်လိုက်ခြင်းအားခြင်း သင့်ခန္ဓာကိုယ်ကို ပို၍အချိုးအစား ပြေပြစ်လိုက်ဖက်သွားစေမည်။ အထူးသဖြင့် ဝမ်းဗိုက်အရေပြားတွင် အဆီိပိုများစုနေပီး အရေပြားများတွဲကျနေခြင်းလည်း လျော့နည်းသွားပီး ဝမ်းဗိုက်အရေပြား ပြားချပ်ချပ်ကလေး ဖြစ်သွားပါမည်။ ခွဲစိတ်ပီးနောက် ရောင်ရမ်းမှုများ လုံဝလျော့နည်းသွားပီး၊ သင်ကိုယ်တိုင်လည်း လုံးဝ တည့်တည့်မတ်မတ်ကလေး နေနိုင်သည့်အချိန်ရောက်မှသာ ခွဲစိတ်မှုရဲ့ နောက်ဆုံးရလဒ်ကိုမြင်ရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီး အချိန် တစ်ပတ်နှစ်ပတ်အတွင်း တဖြည်းဖြည်းပြန်ပီး ခန္ဓာကိုယ်မတ်မတ်အနေအထား ပြန်လည်မတ်တပ်ရပ်နိုင်ပီး မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့်အဝ ရရှိမှာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပီးနောက် ရောင်ရမ်းမှုတတ်နိုင်သမျှနည်းဖို့နဲ့ ခွဲစိတ်ဒဏ်ရာ အနာမြန်မြန်ကျက်သွားစေဖို့အတွက် ဝမ်းဗိုက်ရှိခွဲစိတ်ဒဏ်ရာကိုပတ်တီးဖြင့် တင်းကြပ်စွာပတ်ပီးစည်းပေးထားမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုဒဏ်ရာအတွင်းဘက်မှ သားငန်ရည်ကြည်တွေ သွေးရည်ကြည်တွေ စိမ့်ထွက်မှုကြောင့် သွေးရည်ကြည်စုပုံနေပီး အနာကျက်နှေးခြင်းကို မဖြစ်စေဖို့အတွက် သွေးရည်ကြည်များ အပြင်ဘက်ကို စိမ့်ထွက်သွားစေရန် ပိုက်သေးသေးလေးတစ်ခုကို ခွဲစိတ်ဒဏ်ရာတစ်ဝိုက် ဝမ်းဗိုက်အရေပြားမှာဖောက်ပီး ထည့်ပေးထားမှာဖြစ်ပါတယ်။ ဆေးရုံမဆင်းခင်မှာ သားငန်ရည်စိမ့်ထွက်တဲ့အနေအထားကိုကြည့်ပီး ပိုက်ကလေးကို ဖယ်ထုတ်ပေးမှာ ဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘယ်လိုဂရုစိုက်ရမလဲ
(၁) အိပ်ယာပေါ်မှာလှဲနေတဲ့အခါ ဒူးခေါင်းအောက်ဘက်မှာ ခေါင်းအုံးကိုခံထားမယ်။ ပီးတော့ ကျောကိုအနည်းငယ်မြှင့်ထားပီး ခါးကိုကွေးနေသောအနေအထားဖြင့် နေရမှာဖြစ်ပါတယ်။
(၂) ဘေးဘက်သို့ အနည်းငယ်စောင်းအိပ်နိုင်ပီး သွေးလည်ပတ်မှုကို ပိုမိုကောင်းစေဖို့အတွက် ခြေထောက်များကိုလည်း လှုပ်ရှားမှုပြုလုပ်ပေးရမှာဖြစ်ပါတယ်။
(၃) ခွဲစိတ်မှုပြုလုပ်ပီး အနည်းဆုံး ၄ပတ်မှ ၆ပတ်ကြာသည်အထိ အနာမြန်မြန်ကျက်စေဖို့နဲ့ ခွဲစိတ်ဒဏ်ရာပွင့်ဟခြင်းတွေ ခွဲစိတ်ဒဏ်ရာအသီးထခြင်းတွေ မဖြစ်စေဖို့အတွက် ဝမ်းဗိုက်ကို တင်းတင်းကြပ်ကြပ်လေး ပတ်တီးပတ်ထားခြင်း သို့မဟုတ် အိုနာမီကဲ့သို့သော ဗိုက်ချပ်အင်္ကျီဝတ်ဆင်ရပါမယ်။
(၄) ခွဲစိတ်မှုပြုလုပ်ပီး ရက်အနည်းငယ်အတွင်း ရေပတ်တိုက်ပေးနိုင်ပီး၊ အနည်းဆုံး ၇ရက်မှ ၁၀ရက်ကြာသောအခါ ရေချိုးနိုင်မှာဖြစ်ပါတယ်။
(၅) ပုံမှန်လုပ်နေကျ အလုပ်များကိုတော့ ခွဲစိတ်မှုပြုလုပ်ပီး ၂ပတ်ကြာတဲ့အခါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၆) ခွဲစိတ်မှုပြုလုပ်ပီး ၂ရက်မှ ၃ရက်တွင်း ခါးကိုရှေ့ဘက်သို့ ကွေးထားရန်လိုအပ်ပါသည်။
(၇) ခွဲစိတ်မှုပြုလုပ်ပီး ၇ရက်မှ ၁၀ရက်ကြာသောအခါ ဆေးရုံသို အနာချုပ်ရိုးဖြည်ရန် ပြန်လာပြရပါမယ်။
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်
ခွဲစိတ်မှုအမည် ကုန်ကျစရိတ်
ကိုယ်အလေးချိန် ကီလို ၇၀ အောက် ဘတ် ၁၂၀၀၀၀ (ဆေးရုံ ၃ညအိပ်အပါအဝင်)
ကိုယ်အလေးချိန် ကီလို ၇၀ အထက်(ခါး ၃၆လက်မ) ဘတ် ၁၃၀၀၀၀ (ဆေးရုံ ၄ညအိပ်အပါအဝင်)
ကိုယ်အလေးချိန် ကီလို ၇၀ အထက် ၁၀ကီလိုအတွက် ဘတ် ၁၇၀၀၀ ထပ်စောင်းပေးရမည် (ဆေးရုံ ၁ညအိပ်)
မကြခဏအမေးများဆုံးသော အမေးအဖြေများ
မေးခွန်း ၁ ကိုယ်ဝန်ဆောင်ပီးနောက်ဖြစ်ပေါ်လာတဲ့ ဝမ်းဗိုက်အရေပြားက ဗိုက်ကြောပြတ်တဲ့အစင်းကြောင်းတွေ ပျောက်သွားမလား
အဖြေ ၁ ခွဲစိတ်မှုပြုလုပ်ရာမှာ အဓိကအားဖြင့်တော့ ချက်အောက်ပိုင်းမှာရှိတဲ့ ဝမ်းဗိုက်ရဲ့ ပိုနေတဲ့အရေပြားတွေနဲ့အဆီတွေကို ဖယ်ထုတ်ပေးလိုက်တာဖြစ်တဲ့အတွက် ချက်အောက်ပိုင်းက ဗိုက်ကြောပြတ်တဲ့ အစင်းကြောင်းတွေကတော့ ခွဲစိတ်မှုပြုလုပ်တဲ့အခါ ဖြတ်ထုတ်လိုက်မယ့် အရေပြားထဲပါသွားမှာ ဖြစ်ပါတယ်။
မေးခွန်း ၂ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ဝမ်းဗိုက်ဟာ လုံးဝပြားချပ်သွားမလား
အဖြေ ၂ Tummy Tuck ပြုလုပ်ခြင်းအားဖြင့် ဝမ်းဗိုက်အတွင်းပိုင်းက အဆီတွေကို ဖြတ်ထုတ်ဖယ်ရှားပေးတာမဟုတ်ပဲ ဝမ်းဗိုက်ရဲ့အောက်ဖက်ပိုင်းမှာရှိတဲ့ ပိုနေတဲ့အဆီတွေ အရေပြားတွေဖယ်ထုတ်ပီး အောက်ဘက်ကို တင်းနေအောင် ဆွဲချုပ်ပေးခြင်းသာ ဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် Tummy Tuck လုပ်လိုက်ခြင်းအားဖြင့် သင့်ရဲ့ဝမ်းဗိုက်အောက်ပိုင်းရှိ အရေပြားတွေတွဲကျနေတာလျော့သွားပီး လက်ရှိအနေအထားထက် ပိုပီးပြားချပ်သွားနိုင်မယ်လို့ မျှော်လင့်လို့ရနိုင်ပေမယ့် ဝမ်းဗိုက်ဖောင်းဖောင်းကြီးတစ်ခုလုံး လုံးဝပြားချပ်သွားမယ်ဆိုတာတော့ မဖြစ်နိုင်ပါ။
မေးခွန်း ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဘန်ကောက်မှာ အချိန်ဘယ်လောက်ကြာအောင် နေရမလဲ
အဖြေ ၃ ခွဲစိတ်မှုပြုလုပ်ပီးနောက် ဆေးရုံ ၃ရက်တက်ရမှာဖြစ်ပီး ခွဲစိတ်မှုပြုလုပ်ပီး ၇ ရက်ကနေ ၁၀ ရက်ကြာတဲ့အခါမှာတော့ ဆေးရုံကို အနာချုပ်ရိုးဖြည်ဖို့ ပြန်လာပြရမှာ ဖြစ်ပါတယ်။
မေးခွန်း ၄ ခွဲစိတ်ပီးနောက်ရလာမယ့်အနေအထားကို တစ်သက်လုံးကြာရှည်ခံနိုင်မလား
အဖြေ ၄ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း အစားအသောက်တွေလည်း ထိန်းမယ် ပုံမှန်လေ့ကျင့်ခန်းတွေလည်း လုပ်မယ်ဆိုရင် ခွဲစိတ်ပီးနောက်ပိုင်း ရရှိလာမယ့်အနေအထားကို ကြာရှည်ခံအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ခွဲစိတ်ပီးနောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်တာတွေ ကိုယ်အလေးချိန်မထိန်းနိုင်ပဲ တက်လိုက်ကျလိုက်ဖြစ်နေတာတွေရှိရင်တော့ ခွဲစိတ်ပီးနောက်ပိုင်း အခြေအနေ ကြာရှည်ခံမှာတော့ မဟုတ်ပါ။
မေးခွန်း ၅ Tummy Tuck လုပ်ပီးရင် ခွဲစိတ်ဒဏ်ရာအမာရွတ်က ဘယ်လိုဖြစ်နေမလဲ
အဖြေ ၅ ခွဲစိတ်မှုပြုလုပ်ရာမှာ ဝမ်းဗိုက်အောက်ပိုင်းအရေပြားတွေတွဲကျနေတာကို ဖယ်ရှားဖြတ်ထုတ်ပစ်မှာဖြစ်တဲ့အတွက် ပေါင်ထိပ်အရိုးအစွန်းတစ်ဖက်မှ အခြားတစ်ဖက်ထိ ချက်အောက်ပိုင်း ဘီကီနီလိုင်းတစ်လျှောက်မှာ ကန့်လန့်ဖြတ်ခွဲစိတ်ဒဏ်ရာပေးပီး ခွဲစိတ်မှုပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဝမ်းဗိုက်အရေပြားနည်းနည်းလေးပဲတွဲကျနေတဲ့ သူတွေမှာ အဓိကထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုကတော့ ဘီကီနီလိုင်းမှာ ခွဲစိတ်ဒဏ်ရာပေးပီး အရေပြားတွေကို တင်းနေအောင်ဆွဲပေးပေမယ့် အရေပြားအပိုတွေက သိပ်ပီးအများကြီး တွဲကျမနေတဲ့အတွက် ဆွဲရပိုခက်တာမျိုးရှိတတ်ပါတယ်။ အဲ့ဒီအခါမှာ ခွဲစိတ်ဒဏ်ရာအမာရွတ်က ဘီကီနီလိုင်းရဲ့ အပေါ်ဘက်မှာ ရှိနေတတ်ပီး ရေကူးဝတ်စုံဝတ်တဲ့အခါ ခွဲစိတ်ဒဏ်ရာကို မြင်နိုင်မှာ ဖြစ်ပါတယ်။
မေးခွန်း ၆ ခွဲစိတ်မှုပြုလုပ်ပီး အချိန်ဘယ်လောက်ကြာတဲ့အခါ ပုံမှန်အနေအထားကို ပြန်ရောက်သွားမလဲ
အဖြေ ၆ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းတွင် ခွဲစိတ်ဒဏ်ရာဝန်းကျင်တွင် ရောင်ရမ်းခြင်း ညိုမည်းစွဲနေခြင်းများ ဖြစ်တတ်ပီး ၂ပတ်ကြာသောအခါ တဖြည်းဖြည်း ပျောက်ကင်းသွားပါမည်။ အားစိုက်၍လုပ်ရသောအလုပ်များကို ခွဲစိတ်ပီး ၄ပတ်မှ ၆ပတ်ထိရှောင်ရပါမည်။ ခွဲစိတ်ပီးအကောင်းဆုံးအနေအထားကို ခွဲစိတ်ပီး ၆လမှ တစ်နှစ်ကြာတွင်တွေ့ရပါမည်။
မေးခွန်း ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်းမှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်လဲ
အဖြေ ၇ ခွဲစိတ်မှုပြုလုပ်ပီးနောက် ခွဲစိတ်ဒဏ်ရာကနေ သွေးထွက်ခြင်း၊ ခွဲစိတ်မှုပြုလုပ်တဲ့အခါ အသုံးပြုမယ့် မေ့ဆေးတွေရဲ့ ဆိုးကျိုးတွေ၊ အနာပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်း၊ အဆီလွှာများ ပျက်ဆီးခြင်း၊ ခွဲစိတ်ဒဏ်ရာ အနာပွင့်ထွက်ခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ဒဏ်ရာ အမာရွတ်အသီးထခြင်း၊ လိုအပ်ပါက ထပ်မံခွဲစိတ်ပြုပြင်ရခြင်းစသည်တို့ပဲ ဖြစ်တတ်ပါတယ်။
မေးခွန်း ၈ ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ
အဖြေ ၈ ခွဲစိတ်မှုပြုလုပ်ပီးနောက်ပိုင်း မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာတွေ ဆိုးကျိုးတွေမဖြစ်စေဖို့အတွက် ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး ၂ပတ်လောက်ကြိုတင်ပီး ဆေးလိပ်ဖြတ်ထားရမယ်။ အရက်သောက်ရင်လည်း အရက်ဖြတ်ရမယ်။ ဟော်မုန်းဆေးတွေလည်း ဖြတ်ရမယ်။ တိုင်းရင်းဆေးဝါးတွေ အားဖြည့်စာတွေအကုန်လုံးကိုလည်း ဖြတ်ထားပေးရမယ်။ အခြားသောက်ရမယ့် ဆေးတွေရှိရင်လည်း ဆရာဝန်ခွင့်ပြုထားတဲ့ ဆေးတွေကိုပဲ သောက်ရမယ်။ ဒါကြောင့် သင့်မှာရောဂါတစ်ခုခုရှိနေလို့ သောက်ဆေးတွေရှိနေမယ်ဆိုရင် ခွဲစိတ်မှုပြုလုပ်မှာ ဖြစ်တဲ့အတွက် ကြိုတင်ဖြတ်ရမယ့်ဆေးဝါးတွေရှိရင် ဖြတ်ထားလို့ရအောင်နဲ့ မဖြစ်မနေသောက်ရမယ့် ဆေးတွေရှိရင်လည်း သောက်လို့ရအောင် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ပြနေကျဆရာဝန်နဲ့ သွားရောက်ဆွေးနွေးဖို့ လိုအပ်ပါမယ်။ ခွဲစိတ်မှုမပြုလုပ်ခင်မှာ အစားအသောက်တွေထိန်းတာ ကြွက်သားတွေ ပိုမိုသန်မာအောင် လေ့ကျင့်ခန်းတွေ လုပ်ခဲ့မယ်ဆိုရင် ခွဲစိတ်ပီးနောက်ပိုင်းမှာ ပိုမိုကောင်းမွန် ထိရောက်မယ့်ရလဒ် ရရှိမှာဖြစ်ပါတယ်။